Share on Facebook

သင့်ရဲ့ စိတ်ထဲမှာ မေးချင်နေတဲ့ ပထမဆုံးအမေးကို ဖြေလိုက်ပါမယ့်။

Galaxy S8 ကတော့ မပေါက်ကွဲပါဘူး။

ကျွန်တော် Samsung ရဲ့ နောက်ဆုံးထွက်ဖုန်းကို စမ်းသပ်ကိုင်နေတာ တစ်ပတ်ကျော်ခဲ့ပါပြီ။ အပူလွန်ကဲတာမျိုး မရှိပါဘူး။ သူဟာ အသံမြည်လာခြင်း၊  ပူလာခြင်း၊ မီးခိုးထွက်လာခြင်း လုံးဝမရှိတာမို့ မီးမလောင်တာ သေချာပါတယ်။ ကျွန်တော်ပြောနိုင်သမျှ ပြောရမယ်ဆိုရင်တော့ Galaxy S8 မှာ အရင်ကလိုမျိုး ဘတ်ထရီချို့ယွင်းချက် မရှိပါဘူး။

လာမယ့်အပတ်ထဲမှာ Galaxy S8 နဲ့ ပတ်သတ်ပြီးတော့ လူအတော်များများ ပြဿနာပေါင်း ရင်ဆိုင်ရမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Samsung အနေနဲ့ ခြောက်လအတွင်း တူညီတဲ့အမှားမျိုး နှစ်ကြိမ်မလုပ်လောက်ဘူးဆိုပြီးတော့ သင်က ယုံကြည်ပေးသင့်ပါတယ်။

ဒါ့အပြင် Galaxy S8 က မယုံကြည်လောက်အောင် ကောင်းမွန်ပါတယ်။ Note 7 ကျရှုံးသမျှကို ပြန်လည်အဖတ်ပေးမယ့်ဖုန်းဆိုလည်း မမှားပါဘူး။ ပိုမိုကြီးမားလာပြီးတော့ ကြည့်လို့ကောင်းပါတယ်။ မျက်နှာပြင်ကွေးညွှတ်ထားတဲ့ပုံစံက စမတ်ဖုန်းမျက်နှာပြင်တွေအတွက် စံနှုန်းတစ်ခု ဖြစ်လို့လာပါတယ်။ ပြီးတော့လည်း ကြိုးမဲ့အားသွင်းစနစ်နဲ့ အကောင်းဆုံးကင်မရာကိုလည်း ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးပြည့်စုံနေတာတော့ မဟုတ်သေးပါဘူး။ Hardware ပိုင်းနဲ့ ဒီဇိုင်းပိုင်းအရတော့ သင်ရနိုင်သမျှထဲမှာ အကောင်းဆုံးလို့ ပြောရမှာ ဖြစ်ပေမယ့် ဆော့ဖ်ဝဲလ်နဲ့ ပတ်သတ်ပြီးတော့ မေးခွန်းထုတ်စရာတွေ အတော်များများရှိနေတာကိုလည်း မြင်ရပါတယ်။ အထူးသဖြင့်တော့ သူတို့ရဲ့ ဒီဂျစ်တယ် assistant ဖြစ်တဲ့ Bixby ပါ။ ဟုတ်ပါတယ်။ Bixby ရဲ့ အသံနဲ့ထိန်းချုပ်နိုင်မှုကတော့ ဖုန်းကို စတင် Launch လုပ်တဲ့အချိန်မှာ အဆင်သင့်မဖြစ်သေးတာကို တွေ့ရပါတယ်။

Galaxy S8 နဲ့ Galaxy S8 Plus တို့ကိုတော့ ဧပြီ ၂၁ မှာ ရောင်းချမှာဖြစ်ပြီးတော့ ဈေးနှုန်းကတော့ ၇၅၀ဒေါ်လာလောက်နဲ့ ဖြစ်ပါတယ်။

ကြည့်လို့အကောင်းဆုံးဖုန်းတစ်လုံး ဖြစ်ပါတယ်။

Galaxy S8 ဟာ ကျက်သရေအရှိဆုံး Samsung ဖုန်းတစ်လုံးဖြစ်ရုံသာမကဘဲ တည်ဆောက်သမျှထဲမှာ အကောင်းဆုံးဖုန်းလည်း ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကွေးညွတ်ထားတဲ့မျက်နှာပြင်နဲ့အတူ ဖုန်းရဲ့ ၈၀%ကို ဖုံးလွှမ်းထားလို့ပါပဲ။ ကွေးညွှတ်ထားလိုက်တဲ့အတွက် မျက်နှာပြင်ကို အနားသတ်မထားဘူးလို့ ထင်ရက်စရာကောင်းသွားပါတယ်။ ဒါကိုတော့ Infinity Display လို့ သူတို့က အမည်ပေးထားပါတယ်။ (ဒါပေမယ့်လည် ဘောင်တွေကိုတော့ မြင်နေရသေးပါတယ်။ )

အင်ဂျင်နီယာတွေရဲ့ လုပ်ဆောင်မှုကတော့ အံ့မခန်းပါပဲ။ ၅.၈လက်မနဲ့အတူ Galaxy S8 ရဲ့ မျက်နှာပြင်ဟာ iPhone 7 Plus ရဲ့ မျက်နှာပြင်ထက် ပိုကြီးပါတယ်။ ဒါပေမယ့် ပိုမိုပါးလျပြီးတော့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကိုယ်ထည်ကို ပိုင်ဆိုင်ထားပါတယ်။ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ iPhone ဟာ ခေတ်နောက်ကျသလို ဖြစ်နေပါတယ်။ အရှေ့ပိုင်းမှာ လုံးဝမျက်နှာပြင်ချည်းပဲရှိတဲ့ဖုန်းကို ကိုင်ဆောင်ချင်တဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကတော့ နီးသထက်နီးလာပါပြီ။

Samsung Galaxy S8 3

ပိုကြီးချင်သလား။ Galaxy S8 Plus ကတော့ ၆.၂လက်မ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့အတွက်ကတော့ ကြီးနေတယ်လို့ပဲ ခံစားမိပါတယ်။ အကြိုက်မတွေ့လှပါဘူး။

S8 ကို ကြည့်ကောင်းပြီး ကောင်းမွန်တယ်လို့ခံစားရတဲ့ နောက်ထပ်အချက်တစ်ခု ရှိပါသေးတယ်။ ဒါကတော့ ရှေ့နောက်တူညီတဲ့ glass အသုံးပြုထားမှု ဖြစ်ပါတယ်။ ဒါကြောင့် ကိုင်ရတာ သဘာဝဆန်ပြီးတော့ အိတ်ထောင်ထဲကို အလွယ်တကူဝင်သွားပါတယ်။ သူနဲ့အတူ ကြီးမားတဲ့ မျက်နှာပြင်တို့ကြောင့် သင့်ရဲ့လက်ထဲမှာ ပျံဝဲနေတယ်လို့တောင် ခံစားရနိုင်ပါတယ်။ သိပ်ကောင်းပါတယ်။

မျက်နှာပြင်နေရာကျယ်ဖို့အတွက်တော့ Samsung ဟာ home button ကို ဖယ်ရှားခဲ့ရပြီး မျက်နှာပြင်အောက်ဘက်မှာ ဒီဂျစ်တယ်ကီးတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ သင် ဖိနှိပ်လိုက်တဲ့အခါမှာ ခံစားရမှုက အထိအတွေ့ကောင်းမွန်ပြီး တုံ့ပြန်မှုကောင်းပါတယ်။ ဒီအပိုင်းမှာတော့ ပြောစရာမရှိပါဘူး။

ပိုကြိုက်စရာကောင်းတာတွေကတော့ ကြိုးမဲ့အားသွင်းစနစ်၊ အားအမြန်သွင်းစနစ်တို့ ဖြစ်ပါတယ်။ ကင်မရာကလည်း အပြစ်ဆိုဖွယ်ရာမရှိ၊ ထပ်စိုက်နိုင်တဲ့ မမ်မိုရီ၊ သာမန်ထက်ကောင်းမွန်တဲ့ ဘတ်ထရီ စတာတွေကလည်း အံ့သြစရာဖုန်းတစ်လုံးအဖြစ် ကူညီပံ့ပိုးပေးနေပါတယ်။

ဒီဇိုင်းပိုင်းမှာ ချို့ယွင်းချက်တစ်ခု ရှိနေပါတယ်။ ဒါကတော့ home button မရှိတော့တဲ့အတွက်ကြောင့် fingerprint sensor ကို အနောက်မှာ ထားလိုက်ရပါတယ်။ ကင်မရာအနားမှာပါ။ ကိုးရို့ကားရားနိုင်တဲ့နေရာပါပဲ။ ကင်မရာရဲ့မှန်ဘီလူးနဲ့ နည်းနည်း အခက်တွေ့နေတယ်လို့ မြင်ပါတယ်။ တကယ်လို့သာ ဖုန်းရဲ့အလည်မှာသာ ထားလိုက်မယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ရပါတယ်။

Samsung Galaxy S8 7

ဆော့ဖ်ဝဲလ်အားနည်းချက်များ

Galaxy S8 မှာ ကြုံ့ရတဲ့အခက်အခဲတွေကတော့ အရင်တုန်းက ဖုန်းတွေအတိုင်းပါပဲ။ Samsung အနေနဲ့ သူ့ရဲ့ hardware နဲ့ ဒီဇိုင်းပိုင်းကို ဖိလုပ်ထားပေမယ့်လည်း ဆော့ဖ်ဝဲလ်ပိုင်းမှာတော့ အားနည်းသွားပါတယ်။ Samsung ရဲ့ ပြင်ဆင်ချက်တွေက Android မှာ ပါဝင်နေပြီးသားတွေလည်း ဖြစ်နေပါတယ်။ ဒါက ပိုမိုရှုပ်ထွေးသွားစေပါတယ်။ Google ရဲ့ Pixel ဖုန်းတွေကမှ ရှင်းရှင်းလင်းလင်းနဲ့ ပိုကောင်းနေသလိုပါပဲ။

Bixby ကို မိတ်ဆက်လိုက်ပုံကလည်း ပိုရှုပ်သွားစေတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Siri/Alexa/Google Assistant စတာတွေနဲ့ ပြိုင်မယ့်အရာတစ်ခု ဖြစ်ပါတယ်။ Samsung ရည်မှန်းထားတာကတော့ သင့်ရဲ့ဖုန်းကို အသံနဲ့ပဲ လုံးဝထိန်းနိုင်မယ့် ပုံစံဖြစ်ပါတယ်။ တောက်ပမှုကို ချိန်ချင်လား။ Bixby ကို ပြောလိုက်ပါ။ အီးမေးလ် ပို့ဦးမလား။ Bluetooth စပီကာနဲ့ ချိတ်မလား။ စမတ်တီဗွီနဲ့ ဗွီဒီယိုကြည့်ဦးမလား။ သီအိုရီအရတော့ Bixby က လုပ်ဆောင်ပေးနိုင်ပါတယ်။

ဒါပေမယ့် Bixby ရဲ့ အစောပိုင်းဗားရှင်းကို ပြသအပြီးမှာတော့ Samsung အနေနဲ့ ဒီနှစ်နှောင်းပိုင်းလောက်အထိ အသံနဲ့ထိန်းချုပ်မှုကိုပေးအပ်ဖို့ အဆင်သင့်မဖြစ်သေးတာကို တွေ့ရပါတယ်။ Bixby ဟာ အများသုံးဖို့အတွက် အားနည်းချက်တွေရှိပြီး ကန့်သတ်ချက်တွေ များနေတာလည်း ဖြစ်ပါတယ်။ Samsung ဟာ Galaxy S8 မှာ Bixby ကို မကြေညာခင်ကတည်းက သီးသန့်ခလုတ်တစ်ခု ထည့်ပေးထားတယ်ဆိုတဲ့အတွက်ကြောင့် အရှက်ရစရာတွေတော့ ဖြစ်ကုန်ပါတယ်။ အခုတော့ အဲဒီခလုတ်က သုံးမရတဲ့ခလုတ် ဖြစ်နေပါတယ်။

Samsung Galaxy S8 14

Bixby က အသံတစ်ခုတည်း မဟုတ်ပါဘူး။ ကင်မရာထဲမှာ Bixby Vision လို့ခေါ်တဲ့ အရာဝတ္ထုတွေကို သိမြင်နိုင်ပြီး သက်ဆိုင်ရာအချက်အလက်တွေကို ယူဆောင်လာပေးနိုင်တဲ့ feature လည်း ပါဝင်ပါတယ်။

ဒါပေမယ့် Bixby Vision နဲ့ပတ်သတ်လို့ ရရှိလာတဲ့ရလဒ်တွေကတော့ ရောနှောနေပါတယ်။ စာအုပ်တွေအတွက်ကတော့ အဆင်ပြေပြီး Amazon လင်တွေ့ဆီရောက်သွားပါတယ်။ အခြားသောအရာဝတ္ထုတွေကိုတော့ အမြဲမသိတာကို မြင်ရပါတယ်။ ဥပမာ Pepsi ဗူးခွံကို ရိုက်လိုက်တယ်။ ဒါပေမယ့် Bixby က ဘီယာဗူးတွေရိုက်ထားတဲ့ပုံတွေဆီကိုပဲ ခေါ်သွားပါတယ်။ ဒါဟာ တကယ်လိုအပ်တဲ့ feature တစ်ခုလားဆိုတာတောင် မသိတော့ပါဘူး။ အဲဒီအစား ၀က်ဘ်ကနေ ရှာလိုက်တာမှ ဟုတ်ဦးမယ်လို့ ထင်ပါတယ်။

home screen ရဲ့ ဘယ်ဘက်နားမှာ ရှိနေတဲ့ Bixby Home မှာတော့ ရာသီဥတုအကြောင်း၊ လာမယ့် ပြက္ခဒိန်မှာမှတ်သားထားတဲ့ ပွဲတွေအကြောင်း၊ သတင်းတွေကို ပြသပေးပါတယ်။ ဒါဟာလည်း Google Home လို့ခေါ်တဲ့ Android မှာပါပြီးသားကို ထပ်ထည့်ထားတာပါ။

Samsung Galaxy S8 12

ခြုံပြောရမယ်ဆိုရင်တော့ Bixby က ကျွန်တော့အဖို့ ထူးဆန်းပါတယ်။ ထပ်ထည့်စရာအကြောင်းမရှိသလိုပါပဲ။ Google လုပ်ဆောင်ပေးနိုင်တာတွေကိုတောင်မှ မလုပ်ဆောင်နိုင်သေးတာ။ သုံးစွဲသူတွေအနေနဲ့ ဖုန်းတစ်လုံးတည်းမှာ ဘယ်တစ်ခုကို အသုံးပြုမရလဲ စိတ်ရှုပ်နေမှာကို စိတ်ပူမိပါတယ်။

ဒါပေမယ့်လည်း S8 ကို Bixby က မဖျက်ဆီးနိုင်ပါဘူး။ သူ့ကို မသုံးဘဲ Goolgle ရဲ့ ၀န်ဆောင်မှုတွေကိုပဲ သုံးနိုင်ပါတယ်။

လုံခြုံရေး

သင့်ရဲ့ဖုန်းကို lock ဖွင့်ဖို့အတွက် Samsung ဟာ နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ facial recognition  ကို အသုံးပြုထားပါတယ။် ဒါဟာ အနည်းဆုံးစိတ်ချရတဲ့အမျိုးအစားဖြစ်ပါတယ်။

သူဟာ fingerprint sensor ထက် မြန်ဆန်ပြီး အချိန်တိုင်း အလုပ်ဖြစ်ပေမယ့် သိပ်ပြီး စိတ်မချရတာမျိုးပါ။ ဘာဖြစ်လို့လဲဆိုတော့ တယောက်ယောက်က ဓါတ်ပုံနဲ့ ဖွင့်လိုက်နိုင်တာမျိုးပေါ့။ S8 အနေနဲ့ အဲဒီလိုသာဖြစ်မယ်ဆိုရင် သူမတတ်နိုင်ကြောင်းကို စသုံးတော့မယ်ဆိုရင် သင့်ကို ပြောပါလိမ့်မယ်။

ဒါပေမယ့် Samsung ကတော့ facial recognition feature ကို ဆော့ဖ်ဝဲလ်အသစ်နဲ့ ပိုကောင်းအောင်လုပ်ထားတယ်လို့တော့ ပြောပါတယ်။ မှန်နိုင်ပါတယ်။ 8×10 ဓါတ်ပုံနဲ့ ဖွင့်ကြည့်တာတော့ ဘယ်လိုကြိုးစားကြိုးစား မရခဲ့ပါဘူး။

Samsung ကတော့ facial recognition အနေနဲ့လုံးဝစိတ်ချရတာမျိုး မဟုတ်ဘူးလို့ ဆိုထားပါတယ်။ သူဟာ နောက်ထပ် lock ဖွင့်ဖို့ နည်းလမ်းတစ်ခုသာဖြစ်ပါတယ်။ သင့်အနေနဲ့ facial recognition feature ကို အသုံးမပြုသင့်ပါဘူး။ Samsung ကလည်း ဖယ်ရှားသင့်ပါတယ်။

samsung galaxy s8 facial recognition set up

အနှစ်ချုပ်

Galaxy S8 ဟာ ကျွန်တော်စိတ်ကူးယဉ်ခဲ့ရတဲ့ ဖုန်းတစ်လုံးမျိုးပါ။ မျက်နှာပြင်ကြီးကြီးနဲ့ ဒီဇိုင်းလှပတဲ့ ကိုယ်ထည်ရှိပါတယ်။ ရနိုင်သမျှထဲမှာ အပြီးပြည့်စုံဆုံးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲလ်ကတော့ hardware လောက် သိပ်မကောင်းပါဘူး။ Android စစ်စစ် ဒါမှမဟုတ် iOS ကို အသုံးပြုထားမယ်ဆိုရင်တော့ ပိုကောင်းမှာပါ။ (ကောလဟာလတွေအရ ကျွန်တော့ရဲ့အိပ်မက်တွေကတော့ အမှန်ဖြစ်လာနိုင်ပါတယ်။ )

အပေါ်မှာပြောခဲ့တဲ့ ဆော့ဖ်ဝဲလ်အားနည်းချက်တွေကတော့ လူအများကို စိတ်ပျက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ပြောခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း စိတ်ပျက်ကြမှာ မဟုတ်ပါဘူး။ လျစ်လျူရှုထားလို့ ရနိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။ Galaxy S8 ဟာ ကောင်းမွန်တဲ့ဖုန်းတစ်လုံးဖြစ်ပြီးတော့ ပရီမီယမ်စမတ်ဖုန်းအားလုံးအတွက် နောက်ထပ် စံနှုန်းအသစ်တစ်ခုကို သတ်မှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

Aung Phyo Oo (Myanmar Mobile App)

Comments

comments

Share on Facebook